သွားပွတ်တံလေး ၂ခုရဲ့သမိုင်း
လွန်ခဲ့သောတနှစ်ကျော်ခန့်အချိန်တုန်းက ရန်ကုန်နဲ့မိုင်အနည်းငယ်ကွာဝေးတဲ့မြို့လေးတမြို့ရဲ့ စတိုးဆိုင်လေးမှာရောင်းကုန်အဖြစ် သွားပွတ်တံလေးပေါင်းမြောက်များစွာရှိနေခဲ့ပါတယ်။ ဖြူဖြူရယ် နီနီရယ် စိမ်းစိမ်းရယ် ၀ါဝါရယ် ပြာပြာရယ် စသဖြင့် ကိုယ်ပိုင်အရောင်အသွေးပေါ်မူတည်ပြီး နာမည်လေးတွေကိုယ်စီနဲ့ပါ။ သွားပွတ်တံဆိုတဲ့အတိုင်းသူတို့လေးတွေရဲ့ လုပ်ငန်းတာဝန်ကတော့ လူတွေတနေ့တာအစပထမနဲ့အိပ်ခါနီးအချိန်မှာ ကျန်းမာသန့်ရှင်းရေးအတွက်တာဝန်ယူပေးကြရတာလေ။ ဒါပေမယ့် အားလုံးသောသွားပွတ်တံသူငယ်ချင်းလေးများကတော့ အခုမှကျောင်းပြီးခါစ အလုပ်လုပ်မည့်သူများပမာ လုပ်ငန်းခွင်အတွေ့အကြုံသစ်ဝင်ရန်စောင့်စားနေသူများဖြစ်ပါတယ်။ ဒီလိုသူငယ်ချင်းတွေ မြို့ငယ်လေးရဲ့စတိုးဆိုင်လေးမှာပျော်ပျော်ရွှင်ရွှင်နေလာရင်း..ဇူလိုင်လရဲ့ လကုန်ရက်ပိုင်းလေးတညမှာ ပြာပြာနဲ့ စိမ်းစိမ်းဟာ တခြားသောသူငယ်ချင်းတွေကိုကျောခိုင်းစွန့်ခွာပြီး ၀ယ်ယူသူတဦးဆီလိုက်ပါသွားပါတော့တယ်။
စိမ်းစိမ်းနဲ့ပြာပြာ ဟာအခုမှအလုပ်အသစ်စဆင်းရမယ့်သူများမို့..တတ်ကြွစွာနဲ့လိုက်ပါသွားပါတယ်။ လူငယ်လေးခေါ်ဆောင်သွားရာကတော့..အဲကွန်းအသင်အတင့်ဖွင့်ထားတဲ့အနည်းငယ်အေးမြနေတဲ့အခန်းထဲမှာ သူတို့ကိုခဏထားပါတယ်..ကောင်လေးတယောက်ကောင်မလေးတယောက်ဟာ စိမ်းစိမ်းနဲ့ပြာပြာကို ရှိတယ်လို့တောင်ဂရုမစိုက်ကြပဲ သူတို့အချင်းချင်းစကားတွေပြောနေကြပါတယ်။သူတို့အမူအယာ သူတို့စကားများကို နားထောင်ခြင်းဖြင့် သိပ်ချစ်ကြတဲ့ချစ်သူနှစ်ဦးဆိုတာ စိမ်းစိမ်းနဲ့ပြာပြာအလွယ်တကူနားလည်ခဲ့ပါတယ်။ ခဏနေတော့ ကောင်မလေးက စိမ်းစိမ်းနဲ့ပြာပြာကို စိုစိစိရေချိုးခန်းရဲ့ ဘေစင်ပေါ်တင်ထားပြီး..ရေချိုးခန်းမီးကိုလည်းပိတ်သွားပါတယ်။ နေရာသစ်မှာ စိမ်းစိမ်းနဲ့ပြာပြာခမျာ မှောင်ကြီးမဲကြီးထဲ တော်တော်ကြောက်အားပိုခဲ့ရတာပေါ့..။
ကောင်လေးကပြာပြာကိုရွေးချယ်ပြီး ကောင်မလေးကတော့ စိမ်းစိမ်းလေးပေါ့..သူတို့ဘာလို့လည်းမသိဘူး..စိမ်းစိမ်းနဲ့ပြာပြာကိုကြည့်ပြီး..ဆင်တူလေးတွေနော် ဆိုပြီး ရယ်နေကြသေးတယ်။ သူတို့ကိုသေချာနားမလည်ပေမယ့်..သူတို့နှစ်ဥိးကြည်နူးနေတာ ပျော်နေတာ တဦးကိုတဦးချစ်နေကြတာလေးတွေကိုကြည့်ပြီး..စိမ်းစိမ်းနဲ့ပြာပြာ ပါပျော်နေခဲ့ပါတယ်။ ဒါပေမယ့်လေ အဲဒီနေ့ကစိမ်းစိမ်းနဲ့ပြာပြာ ခွဲခဲ့ရတယ်။ စိမ်းစိမ်းက ကောင်မလေးနဲ့လိုက်လာပြီး..ပြာပြာကတော့ကောင်လေးနဲ့လိုက်သွားရတယ်။ စိမ်းစိမ်းနဲ့ပြာပြာ ဟာ ရန်ကုန်မြို့ရဲ့ မတူညီတဲ့နေရာတွေမှာနေထိုင်နေရတယ်ဆိုတာရိပ်မိပါတယ်..ဒါပေမယ့် စိမ်းစိမ်းရဲ့ပိုင်ရှင်ကောင်မလေး မြူးတူးပျော်ရွှင်နေတာတွေ..ပြာပြာရဲ့ပိုင်ရှင်ကောင်လေး သွက်လက်လှုပ်ရှားနေတတ်တာတွေကိုကြည့်ခြင်းအားဖြင့် သူတို့နှစ်ဦး နေ့စဉ်ဆုံတွေ့ရတယ်ဆိုတာ သိရှိနိုင်တယ်လေ။
စိမ်းစိမ်းဇာတိဟာ မြန်မာပြည်ရဲ့မြို့ငယ်လေးမှာပါ ဒါပေမယ့် ၀ယ်သူခေါ်ဆောင်ရာ ရန်ကုန်မြို့ကိုရောက်ပြီးတပတ်လောက်မှာပဲ စိမ်းစိမ်း အတွက်အထူးအဆန်းအဖြစ်..လေယာဉ်စီးပြီး ခရီးနှင်ခဲ့ရပါတယ်။ လေယာဉ်ပေါ်မှာမူးရတဲ့အထဲ ကောင်မလေးရဲ့ထိုးကျိတ်ထည့်ထားတဲ့အ၀တ်အိတ်လေးထဲမှာ အသက်ရှုကျပ်စွာနဲ့ စင်ကာပူမြေကိုရောက်လာပါတော့တယ်။ စင်ကာပူကတိုက်ခန်းကျဉ်လေးရဲ့ ရေချိုးခန်းကျဉ်းကျဉ်းလေးထဲမှာ စိမ်းစိမ်းခမျာ တော်တော်အနေရခတ်ခဲ့ရတာပါ။ မြို့ငယ်လေးရဲ့စတိုးဆိုင်ကသူငယ်ချင်းတွေကိုလည်းလွမ်းတယ်..ငယ်ပေါင်းကြီးဖော်ပြာပြာကိုလည်းလွမ်းတယ်..သူငယ်ချင်းတွေနဲ့ခွဲနေခဲ့ရပေမယ့် ပြာပြာနဲ့ခွဲခဲ့ရတာကိုတော့ ရင်နာမဆုံးပါဘူး..မနက်တိုင်းမြင်တွေ့နေရတဲ့ကောင်မလေးမျက်နှာဟာလည်း ဟိုးအရင်မြင်ခဲ့ရတဲ့အပျော်တွေနဲ့ပြုံးပျော်နေတဲ့မျက်နှာလေးမဟုတ်တော့ပါဘူး..ဒါပေမယ့် မနက်တိုင်း စိမ်းစိမ်းကိုမြင်တိုင်းကောင်မလေးပြုံးပြရှာပါတယ်..သူ့မျက်နှာလေးဟာလွမ်းရိပ်တွေထပ်နေပါတယ်..စိမ်းစိမ်းလည်းပြာပြာကိုလွမ်းနေသလိုမျိုး..သူလည်း သူ့အဖော်ကောင်လေးကိုလွမ်းနေရှာမှာပဲလို့ စိမ်းစိမ်းကိုယ်ချင်းစားပေးလိုက်ပါတယ်လေ..။ ပြာပြာတယောက်ကောဘယ်ဆီဘယ်နေရာများရောက်နေပါလိမ့်နော်...။
အဲဒီနေ့ကို စိမ်းစိမ်းတသက်မေ့မရဘူး..ဝေးကွာနေတဲ့သူငယ်ချင်းစိမ်းစိမ်းကို ခွဲခွာခဲ့ရပြီးတလကျော်မှာပြန်တွေ့ရခွင့်ရတယ်..စိမ်းစိမ်းနဲ့ပြာပြာပျော်နေသလို ကောင်လေးနဲ့ကောင်မလေးလည်းသိပ်ပျော်နေကြတယ်လေ။ စိမ်းစိမ်းကိုအ၀တ်အိတ်ကျပ်ကျပ်ထဲအရင်တခါလိုထိုးထည့်ပြီးကောင်မလေးနဲ့အတူထွက်သာလာရတယ်..ဘယ်သွားမယ်မှန်းမသိသေးဘူးလေ။ ခဏနေတော့ခေါင်းထဲကမူးပြီး အန်ချင်သလိုဖြစ်လာမှ လေယာဉ်စီးနေတယ်ဆိုတာသိလိုက်ရတာပါပဲ..မကြာပါဘူး ဟိုးအရင်တပတ်လောက်နေခဲ့ဖူးတဲ့..အိမ်လေးတလုံးမှာတရက်လောက်နေခဲ့ရတယ်..နောက်နေ့ညနေမှာပဲ စိမ်းစိမ်းနဲ့ပြာပြာ မထင်မှတ်ပဲပြန်တွေ့ခွင့်ရခဲ့တယ်။ ဒီတခါစိမ်းစိမ်းနဲ့ပြာပြာရောက်တဲ့မြို့လေးကတောင်တန်းတွေနဲ့..အေးမြမြရာသီဥတုလေးနဲ့လေ။ ဒါပေမယ့် ခွဲခွာနေရတဲ့သူငယ်ချင်းနှစ်ယောက်စကားပြောလိုက်ကြတာ..ဟိုတယ်ကရေချိုးခန်းလေးမှာသောသောညံနေခဲ့တာပေါ့။ ကောင်လေးကဒီတခါတော့စိမ်းစိမ်ကိုယူလိုက်တယ်..ကောင်မလေးကပြာပြာကိုယူလိုက်တယ်..သူတို့နှစ်ဥိးအပျော်တွေက စိမ်းစိမ်းနဲ့ပြာပြဆီကိုပါကူးစက်လာခဲ့တယ်..။
စိမ်းစိမ်းနဲ့ပြာပြာဝေးရပြန်ပြီနော်။ ဒီတခါစိမ်းစိမ်းသွားရတဲ့ခရီးလမ်းကတောင်ပေါ်ခရီး..ကောင်လေးနဲ့အတူတူတခန်းတည်းနေရတယ်..အဖော်လည်းမရှိဘူး..ပြာပြာတယောက်ကောခုချိန်ဆို..ဘယ်နေရာများရောက်နေပါလိမ့်နော်...ပြာပြာအတွက်ဒုတိယအကြိမ်လေယာဉ်စီးဖူးခြင်းပါပဲ။ ပထမအခါတုန်းက စိမ်းစိမ်းနဲ့ခွဲပြီးပြီးချင်းလေယာဉ်စီးဖူးတာလေ..ဒီတခါလေယာဉ်ကြီးကတော့ ပိုကြီးတယ်ထင်ရပါတယ်..ဒီတခါ မိရွှေစိမ်းကိုတွေ့မှ လေယာဉ်စီးဖူးသွားကြောင်းကြွားရဥိးမယ်..။ မဟုတ်ရင် မိရွှေစိမ်းကတော်တော်ဘ၀င်မြင့်ပြီး သူလေယာဉ်စီးဖူးတာကိုပဲ ခဏခဏရေရွတ်နေတတ်လွန်းလို့ အားကျမခံပြန်ကြွားချင်လိုက်တာနော်။ ပြာပြာလေယာဉ်ပေါ်မှာ အန်ချင်လောက်အောင်ခေါင်းမူးတာတွေတော့ မိရွှေစိမ်းကိုမပြောပဲထားမှ..တော်ကြာ ညည်းက တောသူကိုး လို့ ပြောတာခံနေရဦးမယ်။ ကောင်မလေးနေတဲ့မြို့က မိုးရွာချင်ရွာ..နေပူချင်ပူ..ရာသီဥတိုတွေကဖြစ်ချင်တိုင်းကိုဖြစ်နေတော့တာပဲ..ဒါတောင် ပြာပြာက ရေချိုးခန်းထဲမှာမို့ ရာသီဥတုပြင်းထန်တဲ့ဒဏ်ကိုသိပ်မခံစားရဘူးလေ။ မိုးလင်းတိုင်း ပြာပြာရဲ့ပိုင်ရှင်အသစ်ကောင်မလေးနဲ့တွေ့ရတယ်..ကောင်မလေးကပြာပြာကိုမြင်တိုင်းပြုံးပြတယ်တော့..သူ့စိတ်ထဲပြာပြာကိုများ သူ့ကောင်လေးမှတ်နေလားမသိပါဘူးအေ..တခါတလေ ပြာပြာကိုကိုင်ပြီးအကြာကြီးကြည့်နေတတ်သေးတယ်..နောက် သူဟာသူပြုံးနေတယ်..ဘာတွေကြည်နူးနေတယ်မသိဘူး။ ပြာပြာထင်တာတော့ ကောင်မလေးက ပြာပြာပိုင်ရှင်ဟောင်းလေကိုသတိရပြီး အတူတူရှိနေချိန်တွေကိုပြန်စဉ်းစားရင်း ပြုံးမိတယ်ထင်ပါတယ်..မိရွှေစိမ်းကိုလည်း...ပြာပြာသတိရတာပေါ့..။ တခါတလေ ကောင်မလေးကကောင်လေးနဲ့ဖုန်းပြောနေသံကြားရင် မိရွှေစိမ်းကို သတိရကြောင်းပြောပေးပါလို့ လူကြုံပါးလိုက်ချင်ပါတယ်။ ဒါပေမယ့်ကောင်မလေးကမကြားဘူးလေ..သူ့ကောင်လေးနဲ့ပဲစကားတွေဖောင်ဖွဲ့ပြောရင်းဖုန်းချလိုက်ရော..ပြာပြာခမျာ မိရွှေစိမ်းကိုသတိရကြောင်းဘယ်လိုပြောရမှန်းကိုမသိပါဘူး။
အဲဒီရက်ပိုင်းတွေကိုတော့ပြာပြာမမေ့ဘူး..ပြာပြာအရမ်းလန့်တယ်..ကောင်မလေးကတချိန်လုံးငိုနေတတ်တယ်..နောက်ပြီး..ပြာပြာကိုတွေ့ရင် ရေချိုးခန်းကြမ်းပြင်မှာထိုင်ချပြီးပြာပြာကို လက်ထဲဆုပ်ထားပြီး ရှိုက်ကြီးတငင်ငိုနေတတ်တယ်..ပြာပြာလည်းလန့်ဖြန့်ပြီးနှစ်သိမ့်စကားတောင်မဆိုမိဘူး..ဟိုးအရင်တုန်းကဆိုကောင်မလေးမျက်ဝန်းမှာမျက်ရည်ကြည်လေးတွေကိုမြင်ဖူးပါတယ်..အဲဒီမျက်ရည်ကြည်လေးတွေဟာလည်း..တချိန်ကပြာပြာဟာ ပိုင်ရှင်ဟောင်းကောင်လေးဆီကမို့..ပြာပြာမှာကောင်လေးရဲ့အငွေ့အသက်လေးတွေရှိနေတယ်ဆိုပြီး..ကောင်မလေးခမျာကြည်နူးမျက်ရည်ကျရှာတာပါ။ ဒါပေမယ့်ခုလိုရှိုက်ကြီးတငင်ငိုပြီး ပြာပြာကိုတွေတွေလေးကြည့်နေတာတော့ တခါမှပြာပြာမကြုံဖူးဘူး။ မိရွှေစိမ်းများရှိ၇င်သိပ်ကောင်းမှာပဲ မိရွှေစိမ်းက ပြာပြာထက် နှစ်သိမ့်စကားပြောတတ်တယ်လေ ။ ဒါ့အပြင် ဟိုတခါမိရွှေစိမ်းနဲ့ပြန်တွေ့တုန်းကလို..အတင်းအဖျင်းလေးတွေပြောကြတာလည်း သတိရမိတယ်။
ကောင်မလေးမျက်နှာမရွှင်လန်းတာကြာပါပြီ. ပြာပြာကိုလည်းအရင်လိုပြုံးမပြတော့ဘူး..တခါတလေပြာပြာကိုကြည့်ပြီးငိုင်နေတတ်တယ်..ပြာပြာကိုကိုင်ပြီးအကြာကြီးကြည့်နေတတ်တယ်..သူ့မျက်ဝန်းမှာမျက်ရည်လေးတွေတခါတရံတွေ့ရတတ်တယ်..ဒါပေမယ့် နှုတ်ခမ်းလေးကွေးပြီးပြူံးတတ်တဲ့သူ့အပြူံးကိုတော့ပြာပြာမမြင်ရတာ ၈လလောက်ရှိနေပါပြီ။ ပြာပြာလည်းမိရွှေစိမ်းနဲ့မတွေ့ရတာအခုဆို တနှစ်နီးနီးရှီတော့မယ်..မိရွှေစိမ်းတယောက်ကောခုချိန်ထိ ပြာပြာအရင်ကောင်လေးဆီမှာရှိနေတုန်းလား..ဒါမှမဟုတ်..သွားတိုက်တဲ့ဘ၀ကနေ..ခြေထောက်တိုက်တဲ့ဘ၀ကိုများရောက်နေပြီလား..ဒါမှမဟုတ်ကောင်လေးက..ကောင်မလေးနဲ့ပက်သတ်တာတွေကိုသိမ်းထားတဲ့အထဲပဲရောက်နေပြီလား..မမြင်ချင်လို့ပဲ မိရွှေစိမ်းကိုများ လွှတ်ပစ်လိုက်ပြီလားလို့တွေးမိရင်..ရင်တွေတော်တော်ပူလာပါတယ်။ မိရွှေစိမ်းရေ..ညည်းလည်းငါ့ကိုလွမ်းနေမယ်ဆိုတာငါသိပါတယ်..အဲလိုပဲ..ငါ့ပိုင်ရှင်ကောင်မလေးဟာလည်း..ညည်းပိုင်ရှင်ကောင်လေးကိုလွမ်းနေတုန်းပါပဲ. မိရွှေစိမ်းနဲ့ပြန်ဆုံမယ့်နေ့ကို ငါမျှော်လင့်နေတုန်းပါ..ညည်းနဲ့တွေ့ရင်ဟိုးအရင်အကြောင်းတွေပြောကြမယ်..ကောင်လေးနဲ့ကောင်မလေးသတင်းအတင်းတွေဖလှယ်ကြမယ်..အရမ်းပျော်ဖို့ကောင်းတဲ့ညည်းနဲ့အချိန်တွေကို ပြန်ပိုင်ဆိုင်ဖို့ရာ ပြာပြာလေ ခေါင်းမူးအောင်စီးရတဲ့လေယာဉ်ကြီးလည်းပြန်စီးချင်ပါတယ်..အ၀တ်အိတ်ကြားမှာ ကပိုကယိုထိုးထည့်ပြီးကျပ်ညပ်နေအာင်လိုက်လာရလည်း..လိုက်လာရပါဟာ .ဒါပေမယ့် မိရွှေစိမ်းရေ အခြေအနေတွေဘာတွေဘယ်လိုဖြစ်နေလဲမသိဘူး..ငါတို့တတွေပြန်ဆုံနိုင်ပါဦးမလားလို့တခါတလေအလန့်တကြားတွေးမိတယ်...ခုချိန်မှာလေမိရွှေစိမ်းကိုအရမ်းတွေ့ချင်တယ်..မိရွှေစိမ်းသတင်းကြားချင်တယ်..မိရွှေစိမ်းကိုလွမ်းတယ်လေ...လွမ်းတယ်လေ့...။