နေ့ရက်တွေပြောင်းလဲနေပေမယ့်မပြောင်းလဲတာပြောင်းလဲခြင်းပဲ
ကိုယ့်ချစ်သူရည်းစားဟောင်းတယောက် တခြားမိန်းကလေးတယောက်နဲ့မင်္ဂလာဆောင်လက်ထပ်တော့မယ်ဆိုတဲ့သတင်းကိုကြားမိလိုက်တဲ့အချိန်မှာတော့ကျွန်မခေါင်းတွေမူးနောက်ပြီး..သိပ်ချစ်ခဲ့ရဖူးတဲ့သူ့မျက်နှာလေးကိုပြေးမြင်လိုက်မိပါတယ်။သူတကယ်လက်ထပ်တော့မယ်ဆိုပါလား..ဆိုတဲ့အတွေးတွေက..တော်တော်ခြောက်လှန့်နေတယ်..သူ့မင်္ဂလာဆောင်ဖိတ်စာကိုသယ်ဆောင်လာသူ..ကျွန်မမောင်ငယ် လေးကိုပဲအပြစ်ပြောရမလား။ ဒီအကြောင်းတွေသူတို့သိနေခဲ့တာပဲလေ...အကုန်လုံးလဲသိခဲ့ကြတဲ့သူတို့ဇာတ်လမ်းကိုဒီလုံးအဆုံးသတ်သွားလိမ့်မယ်လို့ တော့ကျွန်မမမျှော်လင့်ပါဘူး။ ဖိတ်စာလေးကိုမြင်စကတည်းက စခဲ့တဲ့ဝေဒနာတွေတညနေလုံးခံစားရပြီးပြီ။ ညဘက်လဲ ကျွန်မမျက်လုံးတွေအဆမတန်ပြူးကျယ်နေပါတယ်။ ခါတိုင်းဝမ်းနည်းလို့ငိုမိရင်တောင် မျက်လုံးတွေကြိမ်းစပ်ပြီး ချက်ချင်းအိပ်ပျော်သွားတတ်ပေမယ့် အခုအခါမှာတော့ သူ့ကိုတကယ်ဆုံးရှုံးရတော့မယ်ဆိုတဲ့အသိတရားကနှိပ်စက်လို့နေပါပြီ။ ကောင်လေးရယ်....ကျွန်မရင်တွေပူလိုက်တာ။ကျွန်မရင်တွေပူပြီးမအိပ်နိုင်လွန်းလို့..တချိန်ကမင်းနဲ့အတူထိုင်ခဲ့ဖူးတဲ့ ကျွန်မတို့အိမ်အပြင်က ကပြင်လေးမှာ ထိုင်နေမိတယ်..ပြီးတော့ အတွေးလွန်နေမိတယ်..လွန်ခဲ့တဲ့ ၆နှစ်လောက်ဆီကိုပေါ့။
ကျွန်မအိမ်မှာ အမေ မုဆိုးမအပါအ၀င်မိန်းကလေးကြီးပဲ ၅ယောက်ရှိတယ်။ မောင်လေးကတော့တယောက်တည်းပေါ့။ တဥိးတည်းသော်မောင်လေးကိုအကုန်လုံးကအလိုလိုက်ကြလို့ မောင်လေးက ၁၀တန်းလဲမအောင်။အပေါင်အသင်းတွေတရုံးရုံးနဲ့ အိမ်ပေါ်မှာ ဂီတာတီးလိုက် ဟေးလား ၀ါးလားနဲ့ဘ၀ကိုပေါ့ပေါ့လေးဖြတ်သန်းနေတာမြင်ရပေမယ့် ကျွန်မတို့မိသားစုကမောင်လေးကိုသိပ်ချစ်တော့မပြောရက်ကြပါဘူး။ မောင်လေးသူငယ်ချင်းတွေကိုလဲ ကိုယ့်မောင်လေးတွေလိုပဲ သဘောထားပြီးသံယောဇဉ်တွေရှိနေတာပေါ့။ ကျွန်မမှာချစ်သူတယောက်ရှိဖူးပါတယ်။
ကျွန်မချစ်သူက ကျွန်မထက် ၄နှစ်လောက်ကြီးပါတယ်။ သူနဲ့စချစ်မိသွားတာ ကျွန်မတကသိုလ်ဒုတိယနှစ်လောက်မှာပါ။ ချစ်သူနဲ့အဆင်မပြေတိုင်း မောင်လေးသူငယ်ချင်းတွေက ကျွန်မတို့ချစ်သူနှစ်ဥိးကြားထဲမှာအမြဲဖြေရှင်းပေးလေ့ရှိပြီး ကျွန်မနဲ့ကျွန်မချစ်သူ ချိန်းဆိုတဲ့စာတွေမှန်သမျှမောင်လေးသူငယ်ချင်းတွေက ပေးပေးလေ့ရှိပါတယ်။ ကျွန်မ ကောင်လေးကို စသိတာကြာပါပြီ။ အသက် ၇နှစ်ကျော်လောက်ငယ်တဲ့ကောင်လေး ဟာ ကျွန်မတို့အရင်ရပ်ကွက်မှာတည်းက အိမ်နီးနားချင်းနေလာကြတာမို့ သူ့အိမ်နဲ့လဲ အတော်အတန်ရင်းနှီးနေပါတယ်။ ဒါပေမယ့် ကောင်လေးမိဘတွေကမြီူ့ပေါ်မှာ စီးပွားရေးပြေလည်တောင့်တင်းကြတယ်လေ။ ဒါတွေက ကျွန်မအတွက်အရင်ကဘာမှမဟုတ်ခဲ့ပါဘူး။ သူတို့ချမ်းသာတာ ငါနဲ့တိုက်ရိုက်ပက်သက်လာလိမ့်မယ်လို့ ဘယ်သူကထင်မိမှာလဲ။ ကျွန်မနဲ့ကျွန်မချစ်သူ ပြသနာတွေတတ်ပြီး ပြတ်သွားချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကောင်လေးလဲ သူ့ကောင်မလေးနဲ့ပြတ်သွားသတဲ့။ ကောင်လေးက ၁၀တန်းဖြေပြီးခါစအရွယ်မို့ အသည်းကွဲတာကို..သူတခါမှမခံစားဖူးရှာဘူး။ ကောင်လေးက သူ့ကောင်မလေးနဲ့ပြတ်သွားတဲ့အကြောင်းတွေ..သူရင်ကွဲရတဲ့အကြောင်းတွေ မောင်လေးတို့သူငယ်ချင်းတသိုက်ကိုရင်ဖွင့်တိုင်း..ရင်ဖွင့်တိုင်း..သူငယ်ချင်းတွေရဲ့ဟားတိုက်မှုသာရခဲ့ပါတယ်.။သူ့ခံစားချက်ကိုဘယ်သူမှနားမလည်ပေးကြဘူး.။ကျွန်မကတော့လောလောလက်လက်အသည်းကွဲထားတာဆိုတော့..ကောင်လေးခံစားချက်ကိုမျှဝေခံစားပေးနိုင်ပါတယ်။ ဒါနဲ့ သူနဲ့ကျွန်မအချစ်အကြောင်းတွေပထမဆုံးအကြိမ်ပြောမိတာပေါ့။ ကောင်လေးကကျွန်မတို့မျက်စိရှေ့တင်ကြီးလာတော့ ကျွန်မကသူ့ကိုကလေးသာသာလေးသာမြင်နေမိတယ်။ ကောင်လေးအသည်းကွဲနေတဲ့နေရာမှာ ကွဲနေတာလေးတွေတစချင်းကောက်ပြီး ကျွန်မပြန်ဆက်ပေးမိနေတယ်ဆိုတာ...ကျွန်မကိုယ်ကျွန်မတောင် အချိန်တော်တော်လွန်မှသိလိုက်ရတာပါ။ သိလိုက်ရတဲ့အချိန်မှာ ကျွန်မကောင်လေးကို အရူးအမူးချစ်မိနေပြီလေ။
မရစ်နဲ့မောင် ရာ ..မ အရင်ကသူ့ကိုချစ်ခဲ့တယ်ဆိုတာ မကိုလိုက်လို့ မကပြန်ကြိုက်ခဲ့တာ..အခု မောင်နဲ့ကြတော့ မောင်ကို မကိုယ်တိုင်..စချစ်မိတာလေ...အချစ်ချင်းမတူဘူးမောင်ရယ်” လို့ပြောမိတာလဲခန ခန ပါပဲ။ ကောင်လေးကတော့ ကျွန်မကိုတကယ်ချစ်ခဲ့လား..မချစ်ခဲ့လားဆိုတာကျွန်မခုချိန်မှာမဝေခွဲချင်တော့ဘူး။သူနဲ့ကျွန်မဇာတ်လမ်းကို ကျွန်မအိမ်ကလူတွေကလဲအကုန်သိတယ်။ကောင်လေးနဲ့မောင်လေးသူငယ်ချင်းတွေကလဲအကုန်သိတယ်။ မသိတာကတော့ကောင်လေးဘက်ကအသိုင်းအ၀ိုင်းပါပဲ။ ဆိုင်ကယ်လေးနဲ့မနက်မိုးလင်းလက်ဖက်ရည်ဆိုင်ထိုင်ပြီးစချိန်ဆိုသူရောက်လာတတ်ပြီ။ ကျွန်မက ကျွန်မကြော်ထားတဲ့ အာလူးကြော်လေးတွေကျွေးမိတယ်။ ကောင်လေးကအားလူးကြော်ဆိုသိပ်ကြိုက်တာဆိုပဲ။ ကျွန်မတို့အိမ်ရဲ့အဓိကစီးပွားရေးကအားလူးကြော်လေ။ ဖခင်မရှိတဲ့အိမ်ထောင်စုမှာ အမေမုဆိုးမကြီးဟာ အားလုးကြော်ကြော်ပြီး မြို့ထဲကဆိုင်တကာလိုက်ဖြန့်ပြီး အိမ်ရဲ့စားဝတ်နေရေးကိုကြားကန်ထားရတာပေါ့။ ဒါကိုသိတော့ကောင်လေးကဘယ်တော့မှအလကားမစားဘူး ၀ယ်စားတယ်။ ချစ်သူတွေဖြစ်တော့ကျွန်မကပိုက်ဆံမယူဘူး။ကောင်လေးကလဲအတင်းပေးလို့မကောင်းတဲ့အခါ ဒီတိုင်းစားပြီး ကျွန်မတို့အိမ်က လိုအပ်ချက်လေးတွေဖြည့်ဆည်းပေးတယ်။ ရေချိုးတဲ့တိုင်ကီဟောင်းကြီးပေါက်နေပြီဆို..သူကတိုင်ကီတလုံးဝယ်ပေးတာမျိုး။ ဘုရားပန်းလေးတွေဝယ်လာတတ်တာမျိုး။ တခါကတော့ မိုးတွင်မဟုတ်ပါပဲရွာလိုက်တဲ့သင်္ကြန်လွန်မိုးက ကျွန်မတို့မမိုးနိုင်သေးလို့ပစ်ထားရတဲ့ အိမ်ခေါင်မိုးပေါ်ကိုအညှာအတာမဲ့စွာ ရွာချတော့တာပါပဲ ။ အဲနေ့ကကောင်လေးကမိုးတွေရွာလာလို့မပြန်သေးပဲ အိမ်ထဲမှာမောင်လေးနဲ့အတူတူဂစ်တာတီးနေတယ်။ မိုးတွေတော်တော်ယိုလာတော့တအိမ်လုံးဗျာများကြတော့တာပဲ။နောက်နေ့မှာ ကောင်လေးဟာအလုပ်သမားတွေနဲ့သွပ်တွေဝယ်လာပြီး ကျွန်မတို့အိမ်လေးကို..သူကိုယ်တိုင်ကြီးကြပ်ပြီး သွပ်မိုးအိမ်လေးဖြစ်အောင်ဖန်တီးပေးခဲ့တယ်။ အမေကတော့ကျေးဇူးတွေတင်လိုက်တာ သွပ်မိုးဖို့ဆိုတာမဖြစ်နိုင်သေးဘူးလေ။ ဒါပေမယ့် နောင်တချိန်မှာ ဒီလိုလုပ်ပေးခဲ့တာတွေက..လူအများအပြောခံရလောက်အောင်ဖြစ်ခဲ့လိမ့်မယ်လို့ကျွန်မ မတွေးမိခဲ့ဘူး.။
“မာမာကျော်တို့တမိသားစုလုံးက ကောင်လေးဆီကနေချူစားနေကြတယ်” “မာမာကျော်ကိုယူလို့ကတော့ မင်းမင်းအမေက မင်းမင်းကိုအပြတ်ပဲ” “အကြော်သည်မ သမီး နဲ့သဘောမတူနိုင်ဘူး” “လူလည်မိသားစုကမင်းမင်းကို အပိုင်ကိုင်ထားတာလေ” စတဲ့ စတဲ့ စကားသံတွေကြားထဲမှာ ကျွန်မခေါင်းမဖော်နိုင်အောင်ပါပဲ ။တကယ်ကတော့ ကျွန်မ ကောင်လေးကိုတကယ်ချစ်ခဲ့တာပါ။ ကောင်လေးကလဲယုံကြည်မယ်ထင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့မိသားစုထဲမှာလဲ အခတ်အခဲတွေအများကြီးနဲ့ပါကောင်လေးရယ်။ ကောင်လေးနဲ့လက်ထပ်တော့လို့ အမေကတိုက်တွန်းသလို ညီအမတွေကလဲအားပေးအားမြှောက်လုပ်ခဲ့ကြတယ်။ ဒါဟာ ကျွန်မကောင်းစားတာကိုမြင်စေချင်တဲ့စေတနာနဲ့ပါ။ ဒါကိုကောင်လေးဘက်ကလူတွေက ကျွန်မကိုဘန်းပြပြီး ကောင်လေးကိုအပိုင်သိမ်းမယ်လို့ ရက်ရက်စက်စက်ထင်ရက်ကြသေးတယ်နော်။ ကျွန်မတို့ရဲ့မြို့ကျဉ်းကျဉ်းလေးက စကားသံတွေကိုကောင်လေးလဲနားမဆံ့လောက်အောင်ကြားနေရမှာပါ။ ကောင်လေးကခေါင်းမာတယ်နော် မိဘတွေတားနေတဲ့ကြားထဲက ကျွန်မကိုဆက်ချစ်နေတုန်းပဲ။ ဒါပေမယ့် ကံကြမာဆိုတာဘယ်သူမှမမြင်နိုင်ဘူးနော်။ ကောင်လေး ကိုကျွန်မနဲ့ရှေ့ရေးတွေတိုင်ပင်တဲ့တနေ့မှာ ကောင်လေးကို --လက်ထပ်ကြပါစို့လားမောင်ရယ်..-- လို့မိန်းမတန်မဲ့ပြောဖြစ်ခဲ့တယ်။ဒါကလဲ ကျွန်မကောင်လေးကိုမခွဲနိုင်တဲ့အချစ်စိတ်လေးတခုတည်းနဲ့ပါ။ကျွန်မရဲ့ကောင်လေးကအသားဖြူဖြူလူရည်သန့်လေးမို့မိန်းခလေးတိုင်းကြိုက်နိုင်မယ့်ရုပ်ရည်လေးလေ။ ကောင်လေးကသာ မျက်စိလည်လမ်းမှားပြီးကျွန်မလိုအသက် ၇နှစ်ကြီးတဲ့မိန်းမကိုချစ်နေတာ။ ကျွန်မကောင်လေးကိုဘယ်သူနဲ့မှလက်မထပ်စေချင်ဘူး အဓိကကတော့ကျွန်မကောင်လေးကိုလက်လွှတ်ဆုံးရှုံးသွားမှာစိုးတဲ့စိတ်တခုထဲပါ။ကောင်လေးနဲ့ပက်သက်လာမယ့်ကောင်လေးရဲ့စည်းစိမ်တွေကိုကျွန်မယောင်လို့တောင်မစဉ်းစားခဲ့ပါဘူး ။ကျွန်မမှာကောင်လေးကိုမခွဲနိုင်တာတခုပဲရှိပါတယ်။
ကောင်လေးကျွန်မအပေါ်တဖြည်းဖြည်းပြောင်းလဲသွားပြီဆိုတာနည်းနည်းတော့ရိပ်မိလာပါတယ်။ဒါပေမယ့်ကောင်လေးကိုအရမ်းချစ်တဲ့စိတ်တခုနဲ့ မဖြစ်နိုင်ပါဘူးလို့ ခေါင်းခါပြီး အဲလိုမကောင်းတဲ့အတွေးတွေကိုမောင်းထုတ်ပစ်ခဲ့တယ်။ ဒါပေမယ့် အဲဒီတလောက ကျွန်မနဲ့ကောင်လေး ခန ခန စကားများကြတယ်။ ကောင်လေးက ဘွဲ့ရပြီးဘာအလုပ်မှမလုပ်ပဲအိမ်မှာ အမေကြီးကိုကူညီလုပ်ကိုင်ပေးနေတဲ့ကျွန်မကို..အပြစ်မြင်နေတယ်။ ပညာသင်ထားပြီးအလုပ်မလုပ်ဘူးတဲ့လေ။ ဒါတွေဟာကောင်လေးအသိုင်းအ၀ိုင်းကနေ စီးဆင်းလာတဲ့စကားတွေမှန်းကျွန်မသိပါတယ်။ ကောင်လေးဟာကျွန်မကိုအပြစ်တွေမြင်လာတယ်။ကျွန်မကခပ်အအ ခပ်တုံးတုံးမိန်းမတယောက်လို့လဲမြင်လာတယ်။ဟုတ်တော့လဲဟုတ်ပါတယ်။ သမိုင်းအဓိကနဲ့ကျောင်းပြီးပြီးတော့ ဘာအလုပ်မှမယ်မယ်ရရမရှိတဲ့ကျွန်မကို ကောင်လေးပြောရှာမှာပေါ့။ အသက်မွေးဝမ်းကျောင်းပညာရပ်နဲ့ကျောင်းမပြီးတော့ကျွန်မကိုယ်တိုင်ဘာအလုပ်လုပ်ရမှန်းလဲမသိဘူးလေ။ ကောင်လေး ရဲ့ကျွန်မအပေါ်ဝေဖန်မှုတွေကတဖြည်းဖြည်းနဲ့များပြားလာပါတယ်။ ပြီးတော့ အဆင့်အတန်းဆိုတာကြီးနဲ့လဲ တခါတလေကိုင်ပေါက်တတ်တယ်လေ။ သူပြောတဲ့အဆင့်အတန်းက ဆင်းရဲတာချမ်းသာတာတော့မဟုတ်ပါဘူး ။ စရိုက်ပေါ့။ကျွန်မအမတွေက ဈေးသည်တွေလေ ဈေးရောင်းပြီးစီးပွားရှာကြရတာဆိုတော့ အနည်းငယ်တော့ စကားပြောကြမ်းတာပေါ့။ ဒါကိုကောင်လေးက --မတို့မိသားစုက အရမ်းကြမ်းတာပဲ စကားပြောရိုင်းတယ် --ဆိုတဲ့စကားလုံးတွေနဲ့ကျွန်မကိုသူ့ဘ၀ထဲမခေါ်နိုင်တဲ့အရိပ်အမြွတ်တွေပြောပါတော့တယ်။ ကျွန်မဘက်ကလဲမှန်နေတော့ဘာမှမတတ်နိုင်ဘူးလေ။ကျွန်မကောင်လေးကိုအရမ်းချစ်တယ် ။ ---မောင်နဲ့လက်ထပ်ပြီးရင် မမိသားစုကို မ စွန့်လွှတ်မယ်လေ။ မောင်မကြိုက်တဲ့အပြူအမူတွေ မ မှာမရှိပါဘူးမောင်ရယ်-- ဆိုပြီး မိသားစုနဲ့ကောင်လေးနဲ့ကိုလဲဖို့အထိကျွန်မရူးရူးမိုက်မိုက်ဆုံးဖြတ်ဖူးတယ်။ သူ့ကိုလဲငိုယိုပြီးပြောခဲ့ဖူးတယ်။ ဒါပေမယ့်ကောင်လေးကျွန်မတို့အိမ်ကိုအလာကျဲပြီး ကျွန်မတို့နှစ်ယောက်ရဲ့ဇာတ်လမ်းက ပြီးဆုံးသွားပါတယ်။ ကောင်လေးနဲ့ကျွန်မဇာတ်လမ်းလေးအမှတ်မထင်ပြီးဆုံးသွားပြီလို့ ပြန်တွေးမိတိုင်း ရင်ထဲမှာ ကျင်နေအောင်ခံစားရပါတယ်။ ကောင်လေးက မောင်လေးနဲ့တော့သူငယ်ချင်းအဖြစ်ဆက်လက်ခင်မင်နေပေမယ့်ကျွန်မတို့အိမ်ကိုတော့အရောက်အပေါက်မရှိတော့ပါဘူး။ နောက်ကောင်လေးတယောက် ရန်ကုန်က သူ့အဒေါ်အိမ်မှာနေပြီး သင်တန်းတွေတတ်နေတယ်ဆိုတာလောက်ပဲသဲ့သဲ့ကြားတော့ပါတယ်။ ရန်ကုန်နဲ့ဘယ်လောက်မှမဝေးတဲ့မြို့လေးကို ကောင်လေးက တလမှ ၁ခါလောက်ပဲပြန်လာတော့တယ်။ ကောင်လေးမှာ ချစ်သူအသစ်များရနေပြီလားလို့ အလန့်တကြားတွေးမိတိုင်း ကျွန်မရင်တွေအရမ်းကိုပူပူလာတတ်ပါတယ်။ မျှော်လင့်ထားတဲ့အတိုင်းပဲ တနေ့မှာမောင်လေးဆီက ကောင်လေးရဲ့ ကောင်မလေးအသစ်တွေအကြောင်းကြားရတတ်ပါသေးတယ်။ ဒါပေမယ့်ကောင်လေးရယ် မင်းကိုသိပ်ချစ်တဲ့ မမ တယောက်မင်းရဲ့ဇာတိမြို့လေးမှာ မင်းကိုချစ်နေဆဲလို့ မင်းသိရင်..မင်းတနေ့မှာ မ ဆီပြန်လာမှာပဲ ဆိုတဲ့ကျွန်မရဲ့စိတ်ကူးယဉ်အတွေးတွေနဲ့..နှစ်ကာလများစွာကိုကျွန်မဖြတ်သန်းခဲ့ပါတယ်။
ကောင်လေးကကျွန်မကိုတကယ်ချစ်ခဲ့တာ သူ့အသိုင်းအ၀ိုင်းနဲ့ကျွန်မတို့မိသားစုအခြေအနေတွေကြောင့်သူနဲ့ကျွန်မဝေးခဲ့ရတာမို့ တနေ့မှာကျွန်မဆီကိုပြန်လာမှာပဲလို့မျှော်လင့်ခဲ့ဖူးပါတယ်။ ယုံကြည်နေဆဲပါပဲ။ ဒါပေမယ့် တနေ့ကျွန်မဈေးကအပြန်မှာ သတင်းတခုကြားခဲ့တယ်။ မနက်တည်းက မင်းမင်းတယောက်သူ့ကောင်မလေးနဲ့ မြို့ကိုရောက်နေသတဲ့။ သူတို့အဖွားအိမ်က ကျွန်မလမ်းထိပ်မှာတင်ရှိတာမို့ ကျွန်မအိမ်ပြန်တော့ ကောင်လေးအဖွားအိမ်ရှေ့မှာရပ်ထားတဲ့ အမျိုးအမည်မသိတဲ့ကားလှလှလေးတစီး ကိုလှမ်းတွေ့လိုက်ပါတယ်။ ကားလေးက ကောင်လေးတို့မိသားစုကားမဟုတ်မှန်းသိလို့ ငေးနေမိစဉ်မှာပဲ ကောင်လေးကိုဘွားခနဲမြင်လိုက်ရပါတယ်။ သူ့ဘေးမှာတော့ အဖွားကြီးတယောက် (ကောင်လေးအဖွား) နဲ့အတူ ဘေးမှာပြုံးချိုချိုမျက်နှာလေးနဲ့ကောင်မလေးတယောက်ကို..၀ိုးတ၀ါးမြင်လိုက်ပါတယ်။ ကျွန်မမျက်စိရှေ့မှာတင် ကောင်မလေးက အဖွားကိုနှုတ်ဆက်ပြီး ကားပေါ်တာပြီးမောင်းသွားတာမြင်လိုက်ရတယ် ။ကောင်လေးလဲအဲကားပေါ်မှာပါသွားလေရဲ့။ သူတို့ကားလေး မျက်စိထဲပျောက်သွားတဲ့အထိကျွန်မငေးနေမိတယ်။ အိမ်ပြန်ရောက်တော့လဲ အမေကသတင်းတွေထပ်သယ်လာသေးတယ်လေ။ကောင်လေးတယောက် သူ့ရဲ့ကြင်ယာလောင်းကိုမြို့ကို အလည်ခေါ်လာကြောင်းတွေပေါ့.။ကျွန်မကြားတချက်ကြားတချက်ပါပဲ။ ညနေစောင်းလောက်မှာ မောင်လေးနဲ့သူ့သူငယ်ချင်းတွေပြောနေတဲ့သတင်းတွေကတော့ ကျွန်မမကြားချင်လို့လဲမရပါဘူး။ ကောင်လေးအကြောင်းပဲပေါ့ ကောင်လေးနဲ့ သူ့ကောင်မလေးတို့ဘယ်လိုအဆင်ပြေကြောင်း ။တဥိးတည်းသောသားကောင်လေးကို ဘယ်မိန်းကလေးနဲ့မှသဘောမတူခဲ့ဖူးတဲ့ကောင်လေးအသိုင်းအ၀ိုင်းက အခုကောင်မလေးကိုတော့ လှိုက်လှိုက်လှဲလှဲနဲ့ကိုသဘောတူနေကြောင်း အစုံပါပဲ။ ကျွန်မဆက်ကြားနိုင်စွမ်းမရှိတော့လို့ အခန်းထဲဝင်ပြီး စိတ်တွေတည်ငြိမ်အောင်ကြိုးစားပေမယ့် အဲဒီတညလုံးမျက်ရည်တွေကိုပဲအဖော်ပြူခဲ့ရတာ ကောင်လေးသိပါ့မလား ။မောင် ကျွန်မဆီ ပြန်မလာတော့ဘူးလား ဟင်။။
ကျွန်မ အမေနဲ့အမတွေကတော့ ကောင်လေးကိုမကျေနပ်ကြဘူး။ ကျွန်မလဲအရင်ကလောက် မမျှော်လင့်တော့ပါဘူး ။ကောင်လေးကသူ့ကောင်မလေးကိုတောင် မိဘတွေဆွေမျီုးတွေနဲ့မိတ်ဆက်ပေးပြီးပြီပဲ ။ ကောင်လေးကဘယ်ရည်းစားကိုမှ မိဘတွေနဲ့ပေးမတွေ့ခဲ့ဖူးဘူးလေ။ ကောင်လေးဟာ အဲဒီမိန်းကလေးကိုတကယ်ပဲ ချစ်မြတ်နိုးနေပြီလား မယုံရဲသေးပါဘူး ။ကျွန်မရူးမိုက်နေတုန်းပါ ။သူတို့သတင်းတွေဘယ်လောက်ကြားကြားကောင်လေးကို လက်လွှတ်ဆုံးရှုံးရမယ်လို့တော့ ကျွန်မမတွေးမိသေးဘူး ။ ကျွန်မကောင်လေးကိုချစ်နေဆဲပဲလေ။
ကောင်လေးတို့လက်ထပ်ပွဲအပြီး တပတ်ကျော်လောက်မှတော့ ကျွန်မတော်တော်ရင့်ကျက်အောင်နေတတ်ခဲ့ပါပြီ ။ ဒီရက်ပိုင်းအတွင်းခံစားခဲ့ရတာတွေကတော့ တဘ၀တာအတွက်အမှတ်တယပေါ့ကောင်လေးရယ်။ အလူးအလဲပါပဲကွာ။ ချစ်သူကိုတသက်လုံးအပြီးအပိုင်ဆုံးရှုံးခံလိုက်ရတဲ့ မိန်းမတယောက်ရဲ့ခံစားချက်ကို ကောင်လေးနားလည်ခံစားနိုင်ပါစေကွာ။ တမြို့လုံးပြောစမှတ်ဖြစ်လောက်အောင် ကြီးကျယ်ခမ်းနားတဲ့ ကောင်လေးတို့ရဲ့ရန်ကုန်ဟိုတယ်လ်တခုက မင်္ဂလာပွဲအကြောင်းကတော့ ကျွန်မနားပိတ်ထားခဲ့တာတောင် အတင်းဝင်ရောက်ကြားသိခဲ့ရပါသေးတယ်။ ပညာအရည်အချင်းကိုသိပ်ကြည့်တတ်တဲ့ကောင်လေးရေ...မင်းရဲ့ကောင်မလေးလိုကျွန်မဟာသိပ်တော် သိပ်ထက်မြတ်နေတဲ့မိန်းမတယောက်မဟုတ်ခဲ့ပါဘူး။ ကွန်ပြူတာဆိုတာကိုတခါမှမကိုင်တွယ်မထိတွေ့ဖူးတဲ့ကျွန်မနဲ့ ကွန်ပြူတာဘွဲ့ကို နိုင်ငံခြားတိုင်းပြည်ကရလာတဲ့မင်းကောင်မလေး နဲ့ကတော့ ယှဉ်လို့မရပါဘူး ။ကျွန်မမယှဉ်ပြိုင်ပါဘူး ။ ဒါပေမယ့် ကျွန်မမှာ ကောင်လေးအထင်မကြီးလောက်တဲ့ ပညာတပိုင်းတစလေးနဲ့ပေမယ် ကျွန်မရင်ထဲမှာရှိတဲ့ အချစ်ကတော့ ဘယ်သူနဲ့မဆိုယှဉ်ပြိုင်ဖို့..အသင့်ပဲဆိုတာ...ကောင်လေးသိအောင် တနေ့လောက်တော့ ပြောပြချင်ပါသေးတယ် အခွင့်အရေးများရခဲ့မယ်ဆိုရင်ပေါ့။
No comments:
Post a Comment