Monday, August 13, 2007

မမေ့ကောင်းသောအတိတ်များ

ညကမင်းကိုအိမ်မက်မက်တယ် ။ အိမ်မက်ကရုတ်တရက်လန့်နိုးနိုးချင်းပဲ မင်းနဲ့မက်ခဲ့တဲ့အိမ်မက်ကိုပြန်စဉ်းစားမိပေမယ့် ဘယ်လိုမှအစဖော်မရတော့ဘူး။ ဘာအကြောင်းမက်ခဲ့တယ်ဆိုတာမသိတော့ပေမယ့် အိမ်မက်ထဲမှာ မင်းပါနေတာတော့သေချာပါတယ်။ ဘယ်လိုအိမ်မက်မျိုးလဲလို့ ပြန်စဉ်းစားမရတဲ့အဆုံးမှာတော့ အိပ်မရတော့မယ့်အတူတူ မင်းနဲ့ကိုယ်နဲ့အကြောင်းတွေပြန်စဉ်းစားရင်း..မိုးလင်းတော့မယ်ထင်ပါတယ်။

မင်းနဲ့ကိုယ်နဲ့ စတွေ့ခဲ့ကြတာ ရှမ်းလမ်းနဲ့ဗာဂေရာထောင့်က ဓါတ်ဆီဆိုင်မှာနော်။ စတွေ့စဉ်က ကတောက်ကဆတွေဖြစ်ရင်းတွေ့ခဲ့ကြတယ်..မင်းကို ကိုယ်ကြည့်မရခဲ့ဘူး..မင်းလဲကိုယ့်ကိုကြည့်မရခဲ့ပါဘူး ။ မင်းခြေထောက်ကို..ကိုယ့်ဖိနပ်အမြင့်ကြီးနဲ့..ဘလိုင်းကြီးတတ်နင်းသွားတဲ့ကောင်မလေးတယောက်ရဲ့ဒေါသကိုကြည့်ပြီး မင်းကဘောကျနေခဲ့တယ်တဲ့.။ ဓါတ်ဆီဆိုင်ကလူတွေအမြင်မှာတော့..ကိုယ်နဲ့မင်း က ဟာသကြီးလိုဖြစ်လို့ပေါ့။ သေချာတာတခုကအဲဒီအချိန်မှာ ကိုယ်မင်းကိုတော်တော်မုန်းနေတယ်။ ကြည့်လို့မရဘူး ။ နောက်ပိုင်းမှာ မင်းနဲ့ကိုယ်နဲ့ တော်တော်ဖုန်းပြောဖြစ်ကြတယ်နော်။ မင်းအကြောင်းတွေလဲပြောပြတယ်..ကိုယ့်အကြောင်းတွေလဲပြောပြတယ်..ညနေခင်းတခုကိုမှတ်မိနေသေးတယ် ။ အဲဒီနေ့က မင်းနဲ့ အလုံခရေပင်လမ်းကိုရောက်ခဲ့တယ်..ကားနောက်ဖုံးပေါ်မှာ ၂ယောက်တူတူထိုင်ပြီး တောင်စဉ်ရေမရတွေပြောပြီး ကိုယ်ပြန်လာတော့ ကိုယ်တခါမှမခံစားခဲ့ဖူးတဲ့ ရင်ခုန်မှုတွေကိုထူးဆန်းစွာခံစားနေရတယ်။ အဲအချိန်မှာ မင်းကိုချစ်မိတော့မယ်လို့ ကိုယ့်စိတ်က နှလုံးသားကိုအကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် ၉၉ ဗယ်လင်တိုင်းဒေး မတိုင်ခင်တရက်ဖြစ်တဲ့..ဖေဖော်ဝါရီ ၁၃မှာတော့ ကိုယ်မင်းကို အသေအချာချစ်မိသွားတယ်။ အဲနေ့ကမင်းချိန်းလို့..မြေနီကုန်းမှတ်တိုင်ကို ကိုယ်စွန့်စားလာခဲ့ရတယ်။ စမ်းချောင်းကသူငယ်ချင်းအိမ်မှာမွေးနေ့ရှိတယ်လို့အိမ်ကိုညာပြောတော့ အိမ်က မွေ့နေ့ရှိတဲ့အိမ်အောက်အထိလိုက်ပို့ပေးတယ်။ အိမ်ကကားလဲပြန်ထွက်သွားရော ကိုယ်မင်းနဲ့ချိန်းထားတဲ့နေရာကိုအပြေးလေးလာမိတယ်။ အဲတုန်းကမြင်ကွင်းကိုအခုထိမှတ်မိနေသေးတယ်။ မင်းက မြေနီကုန်းမှတ်တိုင်နားက အမျိုးသားညီလာခံဆိုတဲ့..ဆိုင်းဘုတ်လေးဘေးမှာ မက်တပ်ရပ်ပြီးကိုယ့်ကိုစောင့်နေတယ်။ ကိုယ်တို့နှစ်ယောက်ဘယ်သွားရမှန်းမသိကြဘူးနော်။ ကိုယ်လဲကောင်လေးတယောက်နဲ့အဲလို ဘယ်မှလျှောက်မသွားဖူးဘူးလေ။ နောက်ဆုံးတော့ ကိုယ်တို့ ရွှေတိဂုံဘုရားကိုသွားမယ်လို့ဆုံးဖြတ်ပြီး လမ်းလျှောက်ကြတယ်။ မင်းကကားငှားမယ်လုပ်တော့ ကိုယ်ကလမ်းလျှောက်ရအောင်ပါဆိုပြီးလျှောက်လိုက်ကြတာ တော်တော်မောသွားတယ်။ ရွှေတိဂုံဘုရားအနောက်ဘက်မုတ်မှာစက်လှေခါးရှိရက်နဲ့ကိုယ်လမ်းလျှောက်တတ်သေးတယ်။ အဲအချိန်မှာတော်တော်မောနေပြီ။ ဒါပေမယ့် မင်းကကိုယ့်လက်ကိုဆွဲပြီး တတ်သွားချိန်မှာတော့ ကိုယ်ဘာမှမသိတော့ဘူး။ မင်းကိုယ့်ကိုတွဲခေါ်ခဲ့တဲ့ လက်တဖက်မှာတင်..အားအင်အပြည့်ပါနေပြီလေ။

ကိုယ်တယောက်တည်းကားမောင်းထွက်ရတဲ့အကြိမ်အရေအတွက်ကသိပ်ကိုရှားပါးခဲ့ပါတယ်. ငယ်သေးတယ် ဆိုပြီးဘေးမှာတယောက်မဟုတ်တယောက်ပါမှ ကိုယ်မောင်းလေ့ရှိတယ်။ ဒါကြောင့် လစ်ရင်လစ်သလို မင်းဆီအပြေးကိုယ်လာမိတယ်။ မှတ်မှတ်ရရ တနေ့မှာ အမေကိုဈေးပို့ပြီး ကားပေါ်မှာထိုင်စောင့်နေတုန်း..မင်းကိုသတိရတာနဲ့..မင်းရှိရာတောင်ဥကလာကိုအပြေးလေးမောင်းလာမိတယ်။ မင်းဆီရောက်တော့ ၂မိနစ်တောင်မင်းနဲ့မတွေ့လိုက်ရပါဘူး..အိမ်ကမသိအောင်ဈေးကိုအမြန်ပြန်လာမိတယ်။ နောက်ပိုင်းတော့ ကိုယ်လစ်ရင်လစ်သလို မင်းဆီနည်းမျိုးစုံနဲ့ ခနလေး ခနလေး အကြိမ်ပေါင်းများစွာ လာလေ့ရှိတယ်။ ခနလေးတွေ့ရပေမယ့် ကိုယ်ကြေနပ်တယ် မင်းကိုမြင်လိုက်ရရင်ပဲ ကိုယ်ကျေနပ်သွားတယ်။ ဒါအချစ်စိတ်တမျိုးပဲနေမှာပါနော်။

မင်းတရက်ကိုယ့်ကိုဖုန်းထဲမှာပြောတယ် ငယ်လေးလိုခေါ်မယ်..ကို့ကို ကိုလို့ပြန်ခေါ်နော်တဲ့..အဲတုန်းက ကိုယ်အရမ်းရှက်ပြီး မခေါ်ပါဘူးဘာလို့ခေါ်ရမှာလဲလို့ ပြန်ပြောမိတယ်။ မင်းနဲ့ဖုန်းပြောပြီးတော့မှ ကိုယ်မင်းကို အဲလိုခေါ်ချင်လာတယ်. ဒါနဲ့စာရေးလိုက်မိတယ်...နောက်တခါထပ်ပြောပါလို့..နောက်တခါထပ်ပြောရင် အဲလိုခေါ်မယ်လို့ ကိုယ်အရမ်းကြောင်တယ်နော်. မင်းကတော့ရယ်နေတယ်...ကိုယ်ကအရမ်းကလေးဆန်တာပဲတဲ့..ကိုယ်တို့ချစ်သူသက်တမ်း ၆လလောက်နေတော့ ကိုယ့်အိမ်ကကိုယ့်ကိုတယောက်တည်းကားမောင်းခွင့်ပါမစ်ပေးပြီလေ။ အဲအချိန်တွေဟာ ကိုယ့်ဘ၀မှာအပျော်ရဆုံးအချိန်တွေပဲ ။ သောကြာ စနေ တနင်္ဂနွေ ဆို ကိုယ်ကသင်တန်းသွားရတယ်လေ။ မနက်လင်းရင် မင်းနဲ့တွေ့..မုန့်စား ဘုရားသွား နေ့လည်စာစားပြီးမှ သင်တန်းကိုတတ်လေ့ရှိတယ်. ကိုယ်အတန်းတတ်နေချိန်ဆိုမင်းက သင်တန်းအောက်ကနေထိုင်စောင့်နေလေ့ရှိတယ်။ ညနေ ၄း၃၀ အတန်းပြီးရင် မင်းနဲ့ကိုယ်အတူတူပြန်ပြီး မင်းကိုအိမ်ပြန်ပို့ပြီးမှ ကိုယ်ပြန်တတ်တယ်။ မင်းမပါတဲ့အပြန်လမ်းဟာကိုယ့်အတွက်အရမ်းအထီးကျန်ဆန်ပြီး ခြောက်သွေ့တာပဲ။ မင်းကိုပြောပြဖူးတယ်နော်..ငယ်ကို့ဆီလာရင်အရမ်းမြန်တာပဲ..ငယ်ကို့ဆီကပြန်ရင်တော့အရမ်းကြာတယ် လို့ မင်းကိုပြောတော့..မင်းက ကိုယ့်ကိုပြူံးကြည့်ပြီးပြောတယ် ငယ်ကကို့ဆီရောက်လိုဇောနဲ့ကားကိုမြန်မြန်မောင်းလာတော့မြန်နေတာပေါ့..ကို့ဆီကပြန်ရင်ငယ်မှမပြန်ချင်တာ မပြန်ချင်ပြန်ချင်ပြန်ရတော့ ကြာတယ်ထင်ရတာပေါ့တဲ့ ။ ဟုတ်တယ်နော်..ကိုယ်တို့အဲလောက်ချစ်ခဲ့ကြတာ။

အဲဒီညကမိုးတွေအရမ်းသည်းတယ်..မိုးတွေခြိမ်း လျှပ်တွေလက်နဲ့ပေါ့.။ ည ၁၀နာရီကျော်လောက်မှာ မင်းဖုန်းဆက်လာတယ်။ ငယ်ကို့ကိုမေ့ပစ်မှဖြစ်တော့မယ်တဲ့..ဘယ်တုန်းကမှမျှော်လင့်မထားဖူးတဲ့စကားလုံးတွေပါ။ ကိုယ်မှမင်းနဲ့မဝေးရဲတာ။ မင်းနဲ့ကိုယ်သိပ်ချစ်နေတဲ့အချိန်မှမင်းဘာလို့ဒီလိုလုပ်တာလဲမေးတော့လဲ မင်းမှာရေရေရာရာအကြောင်းပြချက်မရှိဘူး။ ကိုယ့်ကိုသိပ်ချစ်ပါတယ် ဒါပေမယ့် လမ်းခွဲမှဖြစ်တော့မယ်တဲ့..ဘာတွေလဲ ..အဲညကအိမ်အပြင်မှာမိုးတွေရွာနေသလို..ဖုန်းလေးဘေးမှာလဲ ကိုယ်မျက်ရည်တွေရွာသွန်းနေတယ်။ ပြီးတော့..ကိုယ်သိနေတယ်..မင်းလဲဟိုဘက်မှာ ငိုနေတယ်။ အသည်းကွဲတဲ့ညဆိုတာ ဒါမျိုးလားမသိပါဘူး။ မနက်ကျတော့ မင်းနဲ့ကိုယ်တွေ့ဖြစ်တယ် ..ညကကိုဘာတွေပြောလိုက်တာလဲ ညကပြောတာတွေမေ့ပစ်လိုက်ပါတော့ငယ်ရယ်..တဲ့..။ တကယ်ဆိုဘာအကြောင်းကြောင့် လမ်းခွဲစကားတွေပြောပြီး ဘာအကြာင်းကြောင့်ညကပြောခဲ့တဲ့စကားတွေကိုမေ့ခိုင်းရတာလဲလို့ကိုယ်မေးခွန်းပြန်ထုတ်သင့်တယ်။ ဒါပေမယ့် ကိုယ်မမေးမိဘူး။ ကိုယ်သိတာ မင်းနဲ့ကိုယ် မဝေးဘူးဆိုတဲ့အသိပဲရှိနေလို့။ ကိုယ်ပျော်သွားတယ်။ဒါပေမယ့် ကိုယ့်အပျော်တွေ ကြာကြာမခံပါဘူး နောက်၂ရက်လောက်ကြာတော့ မင်းအဲလိုစကားတွေဖုန်းထဲကနေထပ်ပြောလာပြန်တယ်။ ကိုယ်ဘာပြန်ပြောရမှန်းမသိတော့ဘူး..ကိုယ့်မှာရှိတဲ့အချစ်တွေအကုန်မင်းယူပြီး အားအင်တွေကုန်ခမ်းသွားသလိုပါပဲ..ဒါပေမယ့်မင်းတခုတော့ပြောတယ်..ငယ့်ကိုမချစ်လို့မဟုတ်ဘူးတဲ့။ ကိုယ်ဘယ်လိုနားလည်ရမှာလဲ..ဒုတိယအကြိမ်အသည်းကွဲခြင်းညပေါ့။ နောက်နေ့ညနေမှာ မင်းနဲ့တွေ့ဖို့ ကန်တော်ကြီးပန်းကန်လုံးကျွန်းမှာ ချိန်းထားတယ်။ ကိုယ့်သူငယ်ချင်းတယောက်ကမင်းကိုဖုန်းဆက်ပြီးသတိပေးထားတယ်..ကိုယ့်အိတ်ထဲမှာဓါးတချောင်းပါသွားတယ်တဲ့..။ ဒီတော့ကိုယ်နဲ့မင်းနဲ့တွေ့တွေ့ချင်း မင်းက ကိုယ့်အိတ်ထဲကဓါးကိုယူပြီး ရေထဲလွှတ်ပစ်လိုက်တယ်။ ကိုယ်အဲဓါးကိုဘာလို့ယူသွားလဲဆိုတာခုချိန်ထိကိုယ်တိုင်မသိပါဘူး ။ မင်းကိုသတ်ဖို့လား..ကိုယ်ကို့ကိုသတ်သေဖို့လား..ဒါပေမယ့်သေချာတာကအဲအချိန်မှာအရမ်းအချစ်ဆိပ်တတ်နေခဲ့တယ်။ မင်းကရှင်းပြခဲ့တယ် ဘာကြောင့်အဆက်ဖြတ်ရတယ်ဆိုတာတွေ။ ဖြစ်ပုံကဒီလို..မင်းနဲ့ကိုယ်အမြဲ မိုးလင်းကနေ ညနေစောင်းအထိ တွဲနေတာကို မင်းတို့လမ်းထဲကမင်းကိုကြိုက်နေတဲ့ ကောင်မလေးတယောက်က မြင်တွေ့နေတော့ မခံစားနိုင်တော့ပဲ ဆေးတွေအလွန်အကျွံသောက်လို့ ဆေးရုံရောက်သွားသတဲ့။ အဲကောင်မလေးကလဲ မင်းသူငယ်ချင်းရဲ့အဒေါ်ဆိုပေမယ့် မင်းတို့ထပ်အသက် ၂နှစ်ပဲကြီးတာတဲ့။ ဒီတော့ သူငယ်ချင်းတွေအားလုံးကမင်းကြောင့်ဖြစ်တယ်ဆိုပြီး အပြစ်ဝိုင်းတင်ကြတယ်။ ပြီးတော့ ဖုန်းကိုလက်ထဲထိုးထည့်ပြီး ကိုယ့်ကိုဖြတ်ဖို့ဖိအားတွေပေးခဲ့တယ်။ ဒါကြောင့် မင်းကကိုယ့်ကိုဖြတ်ရတာပါတဲ့။ ကိုယ်ဘာမှမပြောနိုင်တော့ဘူး။ ကိုယ်အရင်တည်းကကြားဖူးပါတယ်..မင်းကို အဲဒီ အစ်မလေး ကြိတ်ကြွေနေတဲ့အကြောင်းတွေ။ ကိုယ်ငြိမ်နေမိတယ်။ ငယ်ဗိုက်ဆာနေလား ရော့ ပန်းသီးစားလိုက်နော်ဆိုပြီး ကိုယ့်ကိုပန်းသီးတလုံးပေးတယ်။ မင်းရဲ့ကိုယ့်အပေါ်ကြင်နာတတ်တဲ့အမူအယာတွေက မပြောင်းလဲသေးဘူး။ ကိုယ်သိတာပေါ့..မင်းကိုယ့်ကိုချစ်နေတုန်းဆိုတာ..ချစ်နေလျက်နဲ့များ သူငယ်ချင်းတွေစကားနားထောင်ရမလားဆိုပြီး မင်းပေးတဲ့ပန်းသီးကို ကိုယ်ကောက်ပေါက်လိုက်မိတယ်။ ဒေါသကလဲတော်တော်ထွက်နေတယ်။ ပန်းသီးလေးက သစ်သားတံတားလေးနဲ့ထိပြီး ကွဲသွားတယ်။ ငယ်ဒေါသဖြစ်တာနဲ့ အပြစ်မဲ့တဲ့ပန်းသီးလေးကွဲသွားပြီတဲ့...ပြောရင်းမင့်းအသံတိမ်ဝင်သွားတယ်။ ငယ့်အဖြစ်ကကောအဲပန်းသီးနဲ့ဘာထူးလဲ..ငယ့်မှာဘာအပြစ်ရှိလို့လဲလို့..သူ့ကိုပြန်ပြောမိတယ်။ သူတော်တော်တွေသွားပြီး ဟုတ်တယ်..ငယ့်မှာအပြစ်မရှိဘူး..ကိုယ့်မှာလဲအပြစ်မရှိဘူးတဲ့။ နောက်ဆုံးတော့..ကိုယ်တို့အရင်လိုပဲပြန်ဖြစ်သွားတယ်နော်။ ဒါပေမယ့် တဖက်လူရဲ့ခံစားချက်ကိုငဲ့ညှာသောအားဖြင့် ကိုယ်မင်းရဲ့ပတ်ဝန်းကျင်ကိုမလာဘူး။ ကိုယ်နဲ့မင်းချိန်းရင်တောင်..မင်းက မင်းတို့လမ်းနဲ့တော်တော်ဝေးတဲ့နေရာကနေစောင့်နေတတ်တယ်။ ဒါလည်းခနပါ။ နောက်ဆုးတော့အရင်လိုပဲပြန်ဖြစ်သွားတာပဲ..သူ့ဟာသူမခံစားနိုင်လို့သေသေကြေကြေ ဘာမှဂရုမစိုက်နိုင်တော့ဘူးဆိုပြီး ကိုယ်တို့လက်တွဲမဖြူတ်ပဲမင်းပတ်ဝန်းကျင်မှာ တွဲသွားတွဲလာလုပ်ခဲ့ကြတာပဲ။ကိုယ်ယုံကြည်ပါတယ် မင်းကိုယ့်ကိုသိပ်ချစ်တယ်ဆိုတာ။

ချစ်သူသက်တမ်းတနှစ်ပြည့်တဲ့နေ့ ဖေဖော်ဝါရီ ၁၃ရက် ၂၀၀၀ မှာ ရွှေတိဂုံဘုရားမှာမနက်အစောကြီးထပြီး ဆွမ်းတော်သွားကပ်ကြတယ်။ ပြီးတော့ ကိုယ်တို့လျှောက်သွားကြရင်းးအစီအစဉ်မရှိပဲ ပဲခူးကိုရောက်သွားကြတယ်။ ပဲခူးကိုရောက်တော့ ညနေ၃နာရီကျော်နေပြီနော်။ အပြန်ကိုမှောင်မှာစိုးရိမ်ပြီး ဘုရားတောင်စုံအောင်မဖူးခဲ့ရဘူး။ဒါမင်းနဲ့ပက်သက်လို့..မှတ်မှတ်ယယ ခရီးဝေးတခုကိုသွားဖူးခြင်းပါ။ ကိုယ်နဲ့မင်း..မြို့ပြင်ထောက်ကြံ့ဖက်ထွက်ပြီး ညနေစောင်း နေလုံးကြီးဝင်တာကို..ခနခန ထိုင်ကြည့်ဖူးတယ်နော်..အရမ်းလှတာပဲ။ ကားနောက်ဖုံးပေါ်မှာထိုင်ပြီး နေ၀င်ချိန်ကို ချစ်သူနဲ့အတူထိုင်ကြည့်နေရတာ အရမ်းကြည်နူးဖို့ကောင်းတာပဲ။ ကိုယ်တို့ ချစ်သူဖြစ်နေကြတာကို မင်းအိမ်လဲအသိ..ကိုယ့်အိမ်လဲအသိပဲ..သဘောတူတယ်လို့မဆိုလိုပေမယ့် သဘောမတူနိုင်တဲ့အခြေအနေလဲမဟုတ်ခဲ့ကြဘူး။ မင်းနဲ့ကိုယ်နဲ့..နွေမိုးဆောင်း ဥတုသုံးခုစလုံးကိုတူတူဖြတ်သန်းခဲ့ကြဖူးတယ်။ မိုးသည်းထဲမှာထီးလေးဆောင်းပြီးအင်းယာကန်ပေါ်မှာလဲလမ်းလျှောက်ခဲ့ဖူးတယ်။ နွေခေါင်ခေါင်အရမ်းပူလို့ ကားအဲကွန်းမနိုင်တာကိုအတင်းဖွင့်လို့..ဂစ်ကဒ်ပေါက်ပြီးဒုတ်ခရောက်ဖူးတယ်။ နယူးရီးယားနိုက်မှာ ဆွေမျိုးတွေ သူငယ်ချင်းတွေနဲအတူတူ နှစ်သစ်ကိုမင်းနဲ့အတူတူကြိုဆိုဖူးတယ်..အဲတုန်းကဆိုမင်းနဲ့ကိုယ်နဲ့က..တီရှပ်ဆင်တူ ဘောင်းဘီဆင်တူဝတ်ပြီးလျှောက်သွားကြလို့ ကိုယ့်တို့အတွဲကလူကြားထဲမှာဆိုထင်းနေတာပဲနော်။ ဒါပေမယ့်အားလုံးဆီကအသံတသံကြားရတတ်တယ်..ကောင်လေးကချောလိုက်တာတဲ့။ဟုတ်ပါတယ..မင်းနဲ့ယှဉ်လိုက်ရင်ကိုယ်ဟာတော်တော် ရုပ်ဆိုးတာပါ။ မင်းကြောင့်မိန်းကလေးအုပ်စုတစုကကိုယ့်ကိုပြောဖူးတယ်..ကောင်လေးကချောချောလေးမတန်လိုက်တာတဲ့လေ။ ကိုယ်သူများတွေပြောတာဂရုမစိုက်ပါဘူး..မင်းကိုယ့်ကိုချစ်နေဖို့ပဲအရေးကြီးတာလေ။ ဒီလိုနဲ့နေကြရင်း ကိုယ့်ရဲ့မှားယွင်းစွာချစ်သူအပေါ်သစ်စာမဲ့မှုကြောင့်ကိုယ်နဲ့မင်းဝေးသွားခဲ့ရတယ်နော်။ ကိုယ့်ရဲ့လေးစားအထင်ကြီးတတ်တဲ့စိတ်တခုကြောင့် ကိုယ် လူတယောက်ကို စိတ်ဝင်စားမိသွားတယ်။ မင်းကိုယ်တိုင်အပို့အကြိုလုပ်ပေးနေရင်း အဲဒီလူနဲ့ကိုယ်နဲ့ ငြိသွားတယ်။ ကိုယ့်အိမ်က အဲဒီလူနဲ့သိပ်ကိုသဘောတူခဲ့သလို ကိုယ်ကိုတိုင်ကလဲ အရမ်းသဘောကျခဲ့တယ် ။ သူဟာလူတော်တယောက်ဖြစ်နေလို့ပါပဲ ။ ဒါပေမယ့်လေ..မင်းကိုယ့်ကိုခွင့်လွှတ်ပြီး မင်းဆီပြန်လာပါလို့ ပြောခဲ့သေးတယ်နော်။ သူငယ်ချင်းတယောက်ကနေတဆင့် မင်းနဲ့ကိုယ်တို့ရဲ့ပစည်းတွေလဲဖို့ချိန်းတော့..မင်းကကိုယ့်သူငယ်ချင်းကိုပြောတယ်တဲ့.....ကျွန်တော်ကပြသနာကိုဖြေရှင်းတယ်..သူ့ကိုခွင့်လွှတ်တယ်ကျွန်တော်ဆီပဲပြန်လာပါ ဆိုတာကို ငယ်က ပစည်းတွေလဲဖို့ပဲအတင်းပြောနေတယ်တဲ့..။ မင်းထင်နေလား ကိုယ်မင်းကိုမချစ်တော့ဘူးလို့..ကိုယ်မင်းကိုသိပ်ချစ်နေတုန်းပါပဲ..။ ဒါဆိုမင်းကမေးမှာပေါ့နော် ချစ်ရက်နဲ့ဘာလို့အခုလိုလုပ်လဲလို့..ဟုတ်ပါတယ်..မင်းရှိနေရက်နဲ့..စာတော်တဲ့သူ့ကို ကိုယ်သွားပြီစိတ်ဝင်စားခဲ့မိတာ ကိုယ့်ရဲ့ပထမဆုံးအမှားပါ။ မင်းမေ့နေပြီလား ကိုယ်ဟာ ပညာတော်တဲ့သူတွေကိုအထင်ကြီးတတ်တယ်ဆိုတာ။ ကိုယ်တို့ပစည်းတွေလဲတဲ့နေ့က..မိုးတွေရွာနေတယ်..အေပရယ်သင်္ကြန်မိုးနဲ့ဆက်နေတဲ့ မိုးပေါ့။ တီတီစီအ၀င်ဝက ငုပင်ကြီးအောက်မှာ မိုးတွေကရွာ..ထီးကမပါ..မျက်ရည်တွေကရွှဲ..။ ကိုယ်မင်းကိုပစည်းတခုပြန်မပေးပဲချန်ထားခဲ့တယ်..အဲဒါမင်းရဲ့ဓါတ်ပုံအယ်လ်ဘမ်ပဲ။ ကိုယ်ပြန်မပေးလို့မင်းက ကိုယ့်အိမ်ကိုလိုက်ယူတယ်.အခုနော့ပွိုင့်လို့ခေါ်တဲ့..အိုရှင်း ကအဲတုန်းကဆောက်လက်စကြီးလေအဲဒီနားမှာ ကားရပ်ပြီးစကားထိုင်ပြောကြသေးတယ် ။ မင်းကတော့..ကိုယ့်ကို စဉ်းစားပါဦးငယ်ရယ် တဲ့။ မင်းထပ်ခါထပ်ခါတောင်းဆိုခဲ့တယ်နော်။ ကိုယ်ဘာလို့အရမ်းခေါင်းမာခဲ့တာလဲမသိဘူး။ မင်းဒေါသအရမ်းဖြစ်ပြီး ကိုယ့်ကိုမင်းပေးထားတဲ့ စီဒီတွေ ကတ်ဆတ်ခွေတွေကို ကိုင်ပေါက်ပစ်တာ..ဘေးက ကွန်စရက်ရှင်က လူတွေတောင်ကြည့်နေခဲ့တယ်။ မင်းဒေါသတကြီးနဲ့.ပြန်သွားတယ်။ ဒါပေမယ့် ကိုယ်အိမ်ပြန်ရောက်ချိန်မှာ မင်းဖုန်းထပ်ဆက်ပြီးမေးသေးတယ် ထပ်စဥင်္းစားပါဦး ကိုယ့်ဆီပြန်လာပါတဲ့။ ကိုယ် ပါးစပ်ကဘာတွေထွက်သွားလဲမသိဘူး။ဒါပေမယ့ ကိုယ်ငိုနေတာမင်းသိလား။ ကိုယ်ငိုရလွန်းလို့ရင်ဘက်တွေအောင့်ပြီး အသက်ရှုကျပ်တဲ့အထိပါပဲ ။ မင်းအိမ်ရောက်တော့မင်းထပ်ပြောသေးတယ်..ငယ်ကို့ဆီပြန်လာပါ...တဲ့။ ကိုယ်ခေါင်းခါမိတဲ့အခါမှာတော့..ကိုယ်နဲ့မင်းတကယ်ပြတ်တောက်သွားခဲ့တယ်။ မင်းလဲမင်းရဲ့ယောကျာ်းမာနကုန်ပြီလေ။

၂၀၀၁ မှာမင်းနဲ့ကိုယ်ပြန်တွေ့ကြတယ် အဲတုန်းကမင်းကဒဂုံတကသိုလ်မှာအဝေးသင်အနီးကပ်တတ်နေတယ်။ မင်းကိုယ့်ကိုတွေ့တွေ့ချင်းဝမ်းသာအားရဆီးကြိုခဲ့တယ်။ ကိုယ်ကမင်းထပ်ငယ်တော့ ကျောင်းမတတ်ရသေးဘူးလေ။ မင်းနဲ့အတူ အနီးကပ်လိုက်တတ်တယ်။ မိုးလင်းမိုးချူပ်အရင်လိုအချိန်တွေဖြုန်းကြတယ်။ ကိုယ်တို့ထိုင်နေကြ..တောင်ဥကလာဂေါက်ကွင်းနားက ဂန်နမာလမ်းမှာ ကားရပ်ပြီး ခန ခန သွားထိုင်ဖြစ်တယ်။ အရင်လို ညနေစောင်းနေအ၀င်မှာ မြို့ပြင်ထွက်ပြီး နေလုံးကြီးဝင်တာကိုကြည့်ဖြစ်တယ်။ မင်းဘာမှမပြောင်းလဲသေးပါဘူး.အရင်လိုပဲကိုယ့်အပေါ်အရမ်းဂရုစိုက်တုန်း...ကိုယ့်ကိုအလိုလိုက်တုန်း..ကိုယ့်ကိုသိပ်ချစ်တုန်း ပြီးတော့ စကားပြောရင်..ငယ်နဲ့ကိုနဲ့ပြောတုန်းပါပဲ။ အဲဒီတုန်းကအရမ်းကိုပျော်ခဲ့ကြတယ်။ ဒါပေမယ့် မင်းစာမေးပွဲပြီးတဲ့နေ့မှာ မင်းကိုကိုယ်ထပ်ဖြတ်လိုက်တယ်။ မင်းကတော့ကိုယ့်ကိုနားမလည်နိုင်စွာနဲပ..ဘာမှမပြောပဲ ကျန်ခဲ့တယ်နော်။ မင်းဘက်ကပြန်ဆက်သွယ်တဲ့ဖုန်းတွေကိုလဲ ဥပေကခါပြူထားမိတယ်။

ပြီးသွားပြီလား...မပြီးသေးပါဘူး...မိုးတွေရွာလာရင်ဘာလို့သူ့ကိုသိပ်သတိရတတ်တာလဲ ကိုယ့်ကိုကိုယ်နားမလည်ခဲ့ဘူး။ မိုးတွေအရမ်းသည်းတဲ့ ၂၀၀၃ စက်တင်ဘာည တညမှာ ကိုယ်မင်းကိုအထူးသတိရနေမိတယ်။ ၀မ်းကွဲမောင်လေးတယောက်ကိုဖုန်းဆက်ခေါ်လိုက်တော့ မောင်လေးရောက်လာတယ်။ မောင်လေးကိုအနိုင်ကျင့်ပြီး မင်းနေထိုင်ရာလမ်းလေးထဲအတင်းလိုက်ပို့ခိုင်းတယ်။ မင်းတို့အိမ်ရှေ့ရောက်တော့..မင်းညီလေးကိုမင်းနာမည်မေးနေတုန်း ကိုယ့်အသံကြားလို့ဆိုပြီး မင်းခြံဝကိုပြေးလာတာဖိနပ်တောင်မပါဘူးနော်။ ကိုယ်အရမ်းဝမ်းသာသွားတယ်..မင်းစကာလေးတခွန်းကြောင့် . ညနေတည်းကငယ့်ကိုသတိရနေတာ..ဖုန်းတောင်ဆက်မလို့..အိမ်ဖုန်းကလဲပျက်နေတယ်တဲ့။ မင်းအရမ်းဝမ်းသာနေတာကိုယ်သိတယ်.ကိုယ်လဲပျော်တာပဲလေ..မင်းနဲ့ပြန်တွေ့ရတာကိုး။ ညကအရမ်းမိုးချူပ်နေပြီဆိုတော့..မနက်ဖြန်တွေ့ဖို့ချိန်းပြီးကိုယ်ပြန်လာခဲ့တယ်။ အဲဒီတုန်းကိုယ်ရန်ကုန်မှာအလုပ်လုပ်နေပြီ။ မင်းကသင်္ဘောတတ်ဖို့လုပ်နေတယ်။ မင်းနဲ့တွေ့ရဖို့ကိုယ်ရုံးလစ်ခဲ့တယ်။ ရုံးကိုသွားတရက်မသွားတရက်တွေလုပ်ပြီး မင်းနဲ့ပဲအချိန်ကုန်ခဲ့တယ်။ ဒါပေမယ့်..ထုံးစံအတိုင်းတပတ်လောက်ပါပဲ..တပတ်လောက်ကြာတော့ ကိုယ်မင်းနဲ့အဆက်သွယ်ထပ်ဖြတ်မိတာပဲ။ ဒါပေမယ့် ဒီတခါတော့ ကိုယ်တယောက်တည်းတဖက်သတ်ဆုံးဖြတ်ချက်တွေနဲ့ လမ်းခွဲတာမဟုတ်ပါဘူးနော် နှစ်ဦးသဘောတူအကြေအလည်ညှိနှိုင်းပြီးမှလမ်းခွဲခဲ့ကြတာပါ။ ဟုတ်တယ်..ကိုယ်တို့အဲဒီတုန်းကမှတကယ်လမ်းခွဲဖြစ်တာပါ။ ကိုယ်ကမင်းကိုဆက်လိုက်ဖြတ်လိုက်..ပေါ်လာလိုက်ပျောက်သွားလိုက်တာတွေကိုခံနိုင်ရည်မရှီဘူး..ကိုယ်ကလဲမင်းဘ၀ထဲမ၀င်နိုင်ဘူး..ဒီတော့ကိုယ်တို့ထပ်လမ်းခွဲရတာပေါ့..မြို့ပြင်ထွက်ပြီး ကားနောက်ဖုံးပေါ်မှာထိုင်တယ်..ပြီးတော့အရင်လိုပဲနေလုံးဝင်သွားတာကိုကြည့်ပြီး မင်းကပြောတယ်. ကိုယ့်ကိုဒီတသက် ဘယ်တော့မှမင်းမပိုင်ဆိုင်ရတော့ဘူးတဲ့..ကိုယ်ကအရမ်းညာတတ်တယ်တဲ့..ကိုယ်ကို့ကိုယ်အမြဲညာနေတယ်တဲ့..ဟုတ်ပါတယ်..မင်းကိုချစ်လျက်နဲ့ကိုယ်လမ်းခွဲမိတယ်..မချစ်ဟန်ဆောင်ခဲ့တယ်.ဒါညာနည်းတမျိုးလား။ ကိုယ်တို့ နေရောင်ပျောက်သွားချိန်မှာမြို့ထဲကိုပြန်ဝင်လာတယ်..ဒီတခါနေ၀င်ချိန်ကိုမင်းနဲ့အတူတူတွဲကြည့်ခွင့်ရတာ ဘ၀မှာ နောက်ဆုံးအကြိမ်ပါပဲ။ မင်းလဲကိုယ့်ကိုဘယ်တော့မှထပ်မကြိုးစားတော့ဘူးဆိုတာ ကိုယ်သိနေပါတယ်။

မင်းနဲ့ကိုယ်ဟာ ခန ခန စိတ်ချင်းဆက်သွယ်မှုရှိပြီး တိုက်တိုက်ဆိုင်ဆိုင်တွေကြုံတွေ့ဖူးတယ်နော်။ ကိုယ်နဲ့မင်းလမ်းခွဲခဲ့သည့်တိုင် တယောက်ကိုတယောက် မမုန်းခဲ့ကြဘူး..အဲလိုပဲ နှစ်ဦးသားမမျှော်လင့်ပဲပြန်ဆုံတိုင်းလဲအရင်ကတယောက်ကိုတယောက်ရက်စက်ဖူးတာတွေအကုန်မေ့ပြီး ၀မ်းသာပျော်ရွှင်ခဲ့ကြတယ်။ ကိုယ်မင်းကိုအရမ်းသတိရနေတယ်။ မင်းကော သတိရနေမှာလား..ကိုယ်တို့ ပြန်မဆုံနိုင်ဘူးလို့ဘယ်သူပြောနိုင်မှာလဲနော်။ ခုဆို ကိုယ်ရောက်နေတဲ့အရပ်က မြန်မာတွေ စုရပ်ကိုရောက်တုန်း မင်းကိုသတိထားပြီးရှာကြည့်မိတယ်။ မြန်မာသင်္ဘောသားတွေကမ်းကပ်ရင်ပဲဖြစ်ဖြစ် မြန်မာပြည်ပြန်ရင်ပဲဖြစ်ဖြစ် ဒီကိုလာလေရှိတယ်လေ။ ကိုယ်ရောက်တိုင်း မင်းကိုများတွေ့မလားဆိုတဲ့မျှော်လင့်ချက်လေးနဲ့..ကိုယ်ရှာကြည့်နေမိတယ်။ တကယ်လို့များမင်းနဲ့ကိုယ်တွေ့ကြရင် အရင်လိုပဲဝမ်းသာမှုအပြည့်နဲ့..ကိုယ်တို့ပြန်တွေ့ဆုံကြဦးမှာလား။ အတိတ်ဆိုတာမေ့ထားလို့မရတဲ့ အရာတခုဆိုတာ ကိုယ့်အတွက်သေချာနေသရွေ့...တိုက်ဆိုင်မှုတွေကြုံလာတိုင်း မင်းကိုသတိရနေမိမှာပါ။

No comments: